2026 ခုနှစ်၊ အောက်တိုဘာလ 30 ရက်၊ သောကြာနေ့တွင် ဂယောင်ဂီ ရွှေ့ပြောင်းနေထိုင်သူနှင့် လူမှုပေါင်းစည်းမှု ပံ့ပိုးကူညီရေးစင်တာ (경기도이민사회통합지원센터) သည် “ဂယောင်ဂီ ဒုက္ခသည် အခြေအနေ စောင့်ကြည့်ခြင်း စစ်တမ်း” ၏ နောက်ဆုံးအစီရင်ခံစာကို တင်ပြသည့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ကိုရီးယားပြည်နယ်တစ်ခုက ၎င်း၏ နယ်မြေတစ်ခုလုံးတွင် စစ်တမ်းပြုလုပ်ခြင်းမှာ ပြုလုပ်သော ပထမဆုံး အကြိမ် ဖြစ်ပါသည်။ ရွှေ့ပြောင်းနေထိုင်မှုမူဝါဒ သုတေသနအဖွဲ့အစည်း၊ MAP - အာရှငြိမ်းချမ်းရေးဆီသို့ တိုးပြောင်းနေထိုင်ရေး (Migration to Asia Peace) နှင့် စင်တာ အသီးသီးမှ သုတေသီများ ဤလေ့လာမှုတွင် ပါဝင်ခဲ့ကြပြီး ရွှေ့ပြောင်းနေထိုင်မှုမူဝါဒ သုတေသနအဖွဲ့အစည်းမှ သုတေသီ ဂျန်ဂျူယောင် (장주영) က အဓိကတွေ့ရှိချက်များကို တင်ပြခဲ့ပါသည်။
နောက်ခံအကြောင်းအရာ
၂၀၂၅ ခုနှစ်တွင် ဂယောင်ဂီပြည်နယ် (Gyeonggi Province) သည် “ဒုက္ခသည်များ၏ လူ့အခွင့်အရေးကို ကာကွယ်ခြင်းနှင့် ၎င်းတို့၏ အခြေခံအသက်မွေးဝမ်းကျောင်းမှုကို အာမခံခြင်းဆိုင်ရာ စည်းမျဉ်း” ကို ပြဋ္ဌာန်းခဲ့ပါသည်။ ဤစည်းမျဉ်းသည် “ဒုက္ခသည်” ကို နိုင်ငံတော်အဆင့် ဒုက္ခသည်ဥပဒေ (Refugee Act) ထက် ပိုမိုကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ခိုလှုံခွင့်တောင်းခံသူများ၊ လူသားချင်းစာနာမှုဆိုင်ရာ နေထိုင်ခွင့်(လူသားချင်းစာနာမှု ဗီဇာ)ရရှိသူများနှင့် အလားတူအခြေအနေ(ဗီဇာ)ဖြင့် နေထိုင်သူများ ပါဝင်ပါသည်။ အစီရင်ခံစာအရ ၂၀၂၆ ခုနှစ်၊ မတ်လကုန်တွင် ဤအခြေအနေများတွင် ပါဝင်သော နေထိုင်သူ ၁၈,၁၆၉ ဦးသည် ဂယောင်ဂီပြည်နယ်အတွင်း နေထိုင်ခဲ့ကြပြီး ထိုအရေအတွက်မှာ ရေရှည်နေထိုင်သော နိုင်ငံခြားသားများ၏ ၂.၅ ရာခိုင်နှုန်း ခန့် ဖြစ်ပါသည်။
စစ်တမ်းတွင် သုတေသန နည်းလမ်း ၂ခု(စစ်တမ်းကောက်ခြင်းနှင့် လူကိုယ်တိုင် တွေ့ဆုံမေးမြန်းခြင်း) ကို ပေါင်းစပ် အသုံးပြုခဲ့ပါသည်။ သြဂုတ်လမှ စက်တင်ဘာလအစောပိုင်းအထိ မြို့နှင့် ခရိုင် ၂၂ ခုမှ အသက် ၁၅ နှစ်အထက် ဒုက္ခသည် ၁၅၆ ဦး ဘာသာစကားစုံလင်စွာဖြင့် ဘာသာပြန်ထားသော စစ်တမ်းများကို အသီးသီး ဖြေဆိုခဲ့ကြပြီး အလားတူ ဒုက္ခသည် ၁၉ ဦး (ဒုက္ခသည် ၉ ဦးနှင့် ဒုက္ခသည်ပံ့ပိုးရေးလုပ်ငန်းတွင် လုပ်ကိုင်သူ ၁၀ ဦး) တို့ကို လူကိုယ်တိုင်တွေ့ဆုံ၍ အသေးစိတ် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။ သုတေသန၏ ရည်ရွယ်ချက်မှာ ပြည်နယ်တစ်ဝှမ်း ဒုက္ခသည်များ မည်သို့ ဖြန့်ကျက်နေထိုင်သည်ကို ခန့်မှန်းရန် အတွက် မဟုတ်ဘဲ ပံ့ပိုးမှုဆိုင်ရာ ကွာဟချက်များကို ပြသရန် ဒီဇိုင်းထုတ်ထားကြောင်း လေ့လာမှုက အလေးပေးဖော်ပြထားပါသည်။
အဓိက လေ့လာ တွေ့ရှိချက်များ
နေထိုင်ခွင့်အဆင့်အတန်းနှင့် အခွင့်အရေးကွာဟချက်
နေထိုင်ခွင့်အဆင့်အတန်း(ဗီဇာ) တည်ငြိမ်မှုနည်းလေ အခွင့်အရေးကွာဟချက် များလေ ဖြစ်ပါသည်။ နိုင်ငံတော် ကျန်းမာရေးအာမခံ အကျုံးဝင်မှုသည် တည်ငြိမ်သော နေထိုင်ခွင့်(ဗီဇာ) ရှိသူများတွင် ၉၇.၈ ရာခိုင်နှုန်း ရှိသော်လည်း “နေထိုင်ခွင့်(ဗီဇာ)အကျပ်အတည်းရှိသူများ” (မှတ်ပုံတင်မထားသူ သို့မဟုတ် ပြည်နှင်ဒဏ် ဆိုင်းငံ့ထားခံရသူ) တွင် ၄.၃ ရာခိုင်နှုန်းသာ ရှိပါသည်။ “နေထိုင်ခွင့်(ဗီဇာ)အကျပ်အတည်းရှိသူများ” အုပ်စုထဲမှ ၈၂.၆ ရာခိုင်နှုန်း သည် လိုအပ်သောအခါ ဆေးရုံသို့ မသွားနိုင်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး ၉၁.၃ ရာခိုင်နှုန်း က နှစ်ပတ် (သို့) နှစ်ပတ်ထက်ပို၍ ဝမ်းနည်းခြင်း (သို့) စိတ်ပျက်အားငယ်ခြင်းတို့ကို ခံစားခဲ့ရကြောင်း ဖော်ပြခဲ့ပါသည်။
ငွေကြေးအခက်အခဲ
အရွယ်ရောက်ပြီးသော ဖြေဆိုသူများ၏ ၈၃.၉ ရာခိုင်နှုန်း သည် ပြီးခဲ့သည့်နှစ်တွင် စီးပွားရေးအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရပြီး ထို ဖြေဆိုသူများ အနက် “နေထိုင်ခွင့်(ဗီဇာ)အကျပ်အတည်းရှိသူ” အုပ်စုရှိ လူ ၂၃ ဦးလုံး ပါဝင်ပါသည်။ အရေးပေါ် အသက်မွေးဝမ်းကျောင်းမှုနှင့် နေအိမ် ပံ့ပိုးမှုသည် နေထိုင်ခွင့်အမျိုးအစား(ဗီဇာ)တိုင်းအတွက် အရေးကြီးသော ဦးစားပေးမှုများထဲတွင် ပထမနေရာ ရရှိခဲ့ပါသည်။
ဥပဒေအကြံဉာဏ် မရရှိနိုင်ခြင်း
၆၀.၄ ရာခိုင်နှုန်း ခန့် (၉၀ ဦး) က ဥပဒေအကြံဉာဏ် လိုအပ်ခဲ့သော်လည်း မရရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး တော််တော်များများသည် ၎င်းတို့နှိင့် ရင်းနှီးကျွမ်းဝင်သော အသိုင်းအဝိုင်းရှိ ဂရုချက်များကို အားကိုးကြရာ ထိုနေရာများမှတစ်ဆင့် မှားယွင်းသောသတင်းအချက်အလက် ရရှိနိုင်သည့် အခြေအနေကိုလည်း စိုးရိမ်မှုများ ရှိပါသည်။ ခိုလှုံခွင့်လျှောက်ထားသည့်အဆင့်တွင်ပင် “နေထိုင်ခွင့်(ဗီဇာ)အကျပ်အတည်းရှိသူ” အုပ်စု၏ ၇၈.၃ ရာခိုင်နှုန်းသည် ၎င်းတို့ကို ကူညီခဲ့သူ မရှိကြောင်း ပြောဆိုခဲ့ပါသည်။
ပံ့ပိုးရေးဝန်ဆောင်မှုများတွင် ကွက်လပ်များ
ရွှေ့ပြောင်းနေထိုင်သူ များပြားပြီး ဒုက္ခသည်အချိုးနည်းသော ဒေသများတွင် ၄၁.၃ ရာခိုင်နှန်းသည် ပံ့ပိုးမှုဝန်ဆောင်မှုများကို လုံးဝမရရှိခဲ့ကြောင်း ပြောဆိုခဲ့ပြီး ၆၅.၁ ရာခိုင်နှုန်း သည် ဝန်ဆောင်မှုနှင့် သက်ဆိုင်သောသတင်းအချက်အလက်များကို ရှာဖွေရန် ခက်ခဲကြောင်း ပြောဆိုခဲ့ပါသည်။ အနီးအနားတွင် ရွှေ့ပြောင်းနေထိုင်သူ ပံ့ပိုးရေးစင်တာများ ရှိနေသော််််လည်း ဝန်ဆောင်မှုများ ဒုက္ခသည်များထံ ရောက်ရှိနေခြင်း မရှိပါ။
ကုစားခွင့်မရှိသော ခွဲခြားဆက်ဆံမှု
လူ ၁၀၆ ဦးခန့်က ခွဲခြားဆက်ဆံခံရမှုကို ကြုံတွေ့ခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း တရားဝင်အဖွဲ့အစည်းထံတွင် သုံးကြိမ်သာ ရှိခဲ့သည်ဟုဆိုပြီး လူ ၅၉ ဦးမှာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်အရေးယူမှုမျှ မပြုလုပ်ခဲ့ကြပါ။
တွေ့ဆုံမေးမြန်းမှုများတွင် စစ်တမ်းတွင် မပါဝင်ခဲ့သော ပြဿနာများကိုလည်း ဖော်ထုတ်ခဲ့ပါသည်။ ထိုပြဿနာများတွင် အုပ်ထိန်းသူမရှိသော အရွယ်မရောက်သေးသူများနှင့် ၎င်းတို့အတွက် ဥပဒေဆိုင်ရာ အုပ်ထိန်းသူမရှိခြင်း၊ မိဘတစ်ပါးတည်းရှိသော အိမ်ထောင်စုများ၊ သက်သေခံကတ်ပြားနှင့် မွေးစာရင်းဆိုင်ရာ စာရွက်စာတမ်း ကွာဟချက်များ၊ ဒုတိယမျိုးဆက်၏ စိတ်ကျန်းမာရေး၊ မသန်စွမ်းကလေးများနှင့် ရေရှည်နေထိုင်သူများအတွက် စောင့်ရှောက်မှုတို့ ပါဝင်ပါသည်။
အဓိက အကြံပြုချက်များ
အစီရင်ခံစာတွင် ဒုက္ခသည်များသည် ဥပဒေအရ မည်သည့်အေခြအေနတွင်ရှိစေကာမူ “ပြည်နယ်၏ နေထိုင်သူများ” ဖြစ်သော အခြေခံ အချက်ပေါ် မူတည်၍ ပံ့ပိုးကူညီမှုများကို ရေးဆွဲရန် တောင်းဆိုထားပါသည်။ ထို့ပြင် ယာယီအစီအစဉ်အသစ်များ ဖန်တီးမည့်အစား လက်ရှိစနစ်များ (ကျန်းမာရေးဌာနများ၊ စိတ်ကျန်းမာရေးစင်တာများနှင့် မိသားစုစင်တာများ) ကို ဒုက္ခသည်များ ရှင်းရှင်းလင်းလင်း ပါဝင်နိုင်စေရန်အတွက် ချဲ့ထွင်ရန်၊ ရန်ပုံငွေ ဆက်လက်ရရှိမှုကို သေချာစေရန် နှင့် ဝန်ဆောင်မှုတိုင်း၏ အခြေခံအုတ်မြစ်ဖြစ်သော သတင်းအချက်အလက်များနှင့် စကားပြန်ဝန်ဆောင်မှုများကို ထားရှိရန်လည်း တောင်းဆိုထားပါသည်။အဆိုပြုချက်များတွင် အိမ်လခနှင့် စပေါ်ငွေ အကူအညီ၊ နေထိုင်ခွင့်အဆင့်အတန်း(ဗီဇာ) မလိုအပ်သော ယာယီခိုလှုံရာနေရာ၊ ဆေးဘက်ဆိုင်ရာ စကားပြန်များ၊ ရှေ့နေများနှင့် ပူးပေါင်း၍ လုပ်ဆောင်သော ဥပဒေအကူအညီစင်တာများ၊ ဒုက္ခသည်များ၏ အခြေအနေများဆိုင်ရာ ဆရာဖြစ် သင်တန်းများနှင့် အုပ်ထိန်းသူမပါသော အရွယ်မရောက်သေးသူများကို ကာကွယ်သည့် ယန္တရားတစ်ရပ်တို့ ပါဝင်ပါသည်။ အလုပ်လုပ်ကိုင်ခွင့်၊ နေထိုင်ခွင့်ကာလနှင့် အရွယ်မရောက်သေးသူများအတွက် အုပ်ထိန်းမှုကဲ့သို့သော ကိစ္စရပ်များသည် ဗဟိုအစိုးရမှ စီမံရမည့် ကိစ္စရပ်များဖြစ်သည်။
UNHCR ၏ မှတ်ချက်များ
ကိုရီးယားတွင်ရှိသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR Republic of Korea) ၏ ကာကွယ်ရေးဆိုင်ရာ အသင်းဝင် (Protection Associate) ဂျနိဂျယ်အိဂ်က ဒုက္ခသည်များကို လက်ခံကြိုဆိုရေးနှင့် အစောပိုင်း အခြေချနေထိုင်ရေးဆိုင်ရာ တင်ပြချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။ ၎င်းက နမူနာသည် ကိုယ်စားပြုနိုင်မှု မရှိကြောင်းနှင့် ဖြေဆိုသူများ၏ ၆၈.၆ရာခိုင်နှုန်း သည် ကိုရီးယားတွင် ငါးနှစ်နှင့်အထက် နေထိုင်ခဲ့ပြီး ဖြစ်သောကြောင့် တွေ့ရှိချက်များသည် မကြာသေးမီက ကိုရီးယားသို့ ရောက်ရှိလာသူများအတွက် အကျုံးမဝင်ကြောင်းသတိပေး ပြောကြားခဲ့ပါသည်။ အရွယ်ရောက်ပြီးသော ဖြေဆိုသူ ၁၄၉ ဦးအနက် ကိုရီးယားရောက်ပြီး ပထမဆုံး၆လအတွင်း ၎င်းတို့၏ အကြီးမားဆုံး အခက်အခဲ သုံးခုထဲတွင် ၁၁၇ ဦးက ဘာသာစကား၊ ၇၁ ဦးက လုံလောက်မှုမရှိသော စားဝတ်နေရေးစရိတ်၊ ၇၀ ဦးက နေအိမ်ရရှိရေးကို ရွေးချယ်ခဲ့ကြပါသည်။
၎င်းက ဒုက္ခသည်များ မရောက်ခင် နေအိမ်ကို ကြိုတင်စီစဉ်ရန်၊ စကားပြန်များရှိသော မိတ်ဆက်ပွဲများတွင် ပြုလုပ်ပေးရန်၊ ကိုရီးယားဘာသာစကား သင်ယူမှုကို ဝင်ငွေပံ့ပိုးမှုနှင့် အလုပ်အကိုင်တို့နှင့် ချိတ်ဆက်ပြီး ညှိုယူရလွယ်သော အချိန်ဇယားများနှင့် ကလေးထိန်းဝန်ဆောင်မှု ပေးရန်၊ လွှဲပြောင်းပေးသည့်အချိန်တွင် ဆက်သွယ်ရမည့်နေရာကို ရှင်းရှင်းလင်းလင်း ဖော်ပြရန်နှင့် အခြေချနေထိုင်ရေး အစီအစဉ်တစ်ရပ် ထားရှိရန် အဆိုပြုခဲ့ပါသည်။ ၎င်း၏ အကြံပြုချက်များသည် အဓိကအားဖြင့် ပြန်လည်အခြေချနေထိုင်သော ဒုက္ခသည်များ (resettled refugees) အတွက် UNHCR ၏ လမ်းညွှန်ချက်များကို အခြေခံထားပါသည်။
တက်ရောက်သူများနှင့် ဆွေးနွေးခြင်း
အလုပ်နှင့် နေထိုင်ခွင့်အတွက် တာဝန်
ဂျန်ဂျူယောင်က အလုပ်လုပ်ကိုင်ခွင့်ဆိုင်ရာ စည်းကမ်းချက်များကို ပြောင်းလဲရန် လက်တွေ့တွင် ခက်ခဲသော်လည်း အခြား သွယ်ဝိုက်သောနည်းလမ်းများဖြင့် ဖြစ်နိုင်ကြောင်း ပြောပါသည်။ ဤအချက်ကို အကောင်အထည်ဖော်ရန် လာမည့်နှစ်တွင် သုတေသီများက ဒုက္ခသည်များအတွက် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးဆိုင်ရာ သုတေသနအသစ်ကို ပြုလုပ်မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
MAP - အာရှငြိမ်းချမ်းရေးသို့ ဦးတည်သော ရွှေ့ပြောင်းနေထိုင်ရေး (Migration to Asia Peace) မှ ကင်မ်ယောင်အာက ဤကိစ္စသည် တရားရေးဝန်ကြီးဌာန (Ministry of Justice (MOJ)) ၏ အောက်တွင် ရှိပြီး ပြည်နယ်က တရားရေးဝန်ကြီးဌာန ကို ကျော်၍ ဆောင်ရွက်၍ မရကြောင်း ရှင်းပြပါသည်။ လူသားချင်းစာနာထောက်ထားမှု နေထိုင်ခွင့်(ဗီဇာ)ရှိသူများကို ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုသောအခါ ဝန်ကြီးဌာနက ခွင့်ပြုပေးရန် ခက်ခဲကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး ထိုကိစ္စနှင့်စပ်လျဥ်း၍ အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာန (Ministry of Employment and Labor (MOEL)) သို့ လွှဲပြောင်းပေးခဲ့ပါသည်။ အလုပ်အကိုင်နှင့် အလုပ်သမားရေးရာ ဝန်ကြီးဌာနသည် “ဒုက္ခသည်များ၏ အခြေအနေကို လုံးဝ စိတ်ဝင်စားမှု မရှိပါ” ဟု သူ(မ)က ပြောပါသည်။ သို့သော် ပြည်နယ်တွင် ရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများကို ကိုင်တွယ်သည့် ဌာနများ ရှိသောကြောင့် ပြည်နယ်သည် ဝန်ကြီးဌာနနှင့် တစ်ခုတည်းနှင့်သာ ညှိနှိုင်းရန် မလိုကြောင်း သူမက အလေးအနက် ပြောပါသည်။ G-1-5 ဗီဇာကိုင်ဆောင်သူများသည် အန္တရာယ်အများဆုံးနှင့် မလုံခြုံဆုံးသော အလုပ်များတွင် အလွန်အမင်း အမြတ်ထုတ်ခံရမှုဖြင့် လုပ်ကိုင်နေကြရပါသည်။ ဒုက္ခသည်များကြားတွင် လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများ မြင့်တက်လာနေပြီး မတတ်သာသောကြောင့် အလုပ်မလုပ်ရသည့် ကာလများတွင် ကိုယ်တိုင်ရပ်တည်လိုစိတ်ကို ပျက်ပြားစေကာ ဒုက္ခသည်တစ်ဦးကို “အထောက်အပံ့ပေးရန် ခက်ခဲသူများ” အဖြစ် ရောက်ရှိသွားစေနိုင်ပါသည်။ ကိုရီးယားဘာသာစကား သင်တန်းတိုများကဲ့သို့ အစောပိုင်းတွင် အခြေခံအထောက်အပံ့ကိုပင် ရရှိခဲ့သူများသည် မရရှိခဲ့သူများထက် များစွာ ပိုမိုအဆင်ပြေခဲ့ကြပြီး ထို့ ကြောင့် သူ(မ)သည် စွမ်းဆောင်နိုင်စွမ်း မြှင့်တင်ရေးနှင့် ရေရှည်နေထိုင်ရေး အစီအစဉ်များကို တောင်းဆိုခဲ့ပါသည်။
နမူနာ ရွေးချယ်ခြင်း
MAP စေတနာ့ဝန်ထမ်း ဟာဂျောင်ယွန် (하정윤) သည် ဖုန်း (သို့) မီဒီယာ အသုံးပြုခွင့် မရှိသော ဒုက္ခသည်များကို မည်သို့ ဆက်သွယ်ခဲ့ကြောင်း မေးမြန်းခဲ့ပါသည်။ ဂျန်ဂျူယောင်က ကောက်ထားသောစာရင်းတွင် ဥပဒေအရ အခွင့်အရေးများကို ခံစားခွင့်ရှိသော အုပ်စုများနှင့် ခံစားခွင့်မရှိသော အုပ်စုများ ပါဝင်ကြောင်း၊ ဒေသအလိုက် ညီတူညီမျှ ခွဲဝေထားကြောင်း၊ စစ်တမ်းကို ဖြေဆိုသူ အရေအတွက် အများကြီးမရှိကြောင်းနှင့် ကိစ္စ အရပ်ရပ်ကို ပြည့်စုံစေရန်အတွက် အသေးစိတ်တွေ့ဆုံမေးမြန်းမှုများကို ပြုလုပ်ခဲ့ကြောင်း ဖြေကြားခဲ့ပါသည်။ မီဒီယာ အသုံးပြုခွင့်သည် သုတေသန ခေါင်းစဉ်များထဲတွင် မပါဝင်ခဲ့ကြောင်းလည်း သူ(မ)က ဝန်ခံပါသည်။ ကင်မ်ယောင်အာက ကောက်ထားသော စာရင်းများကို စုစည်းရာတွင် ခက်ခဲခဲ့ကြောင်း ထပ်လောင်းပြောဆိုပါသည်။ အချို့သော သူများသည် အခြားသူများ၏ ဖုန်းကို ငှားသုံးခဲ့ကြပြီး အချို့သော သူများနှင့် ဆက်သွယ်မှု ပြတ်တောက်သွားသူများလည်း ရှိခဲ့ပြီး ပြန်လည်အခြေချ နေထိုင်မည့် ဒုက္ခသည်များကို စုဆောင်းရန်မှာ ထင်ထားထက်ပို၍ ခက်ခဲခဲ့ကြောင်း ပြောကြားပါသည်။ စစ်တမ်းကောက်သည့်အပေါ်တွင် ကြိုဆိုသူများလည်း ရှိပြီး လေ့လာမှုများစွာ ပြီးနောက် အပြောင်းအလဲ မရှိသည့်အပေါ် သံသယရှိသူများလည်း ရှိသည်။
စကားပြန်အဖြစ် ဆောင်ရွက်နေသော ကလေးများ
ဟာဂျောင်ယွန်က သားသမီးများသော မိသားစုများရှိ မိခင်များအတွက် စကားပြန်ပေးနေရသော အရွယ်ရောက် ကလေးများအတွက် လိုအပ်သော မူဝါဒကို မေးမြန်းခဲ့ပါသည်။ ဂျန်ဂျူယောင်က ထို စာရင်းကောက်ယူမှုမှာ မဖြစ်နိုင်သောကြောင့် တိကျစွာ ရွေးချယ်ရန် မဖြစ်နိုင်ခဲ့သော်လည်း အစီရင်ခံစာတွင် အန္တရာယ်ရှိသော အခြေအနေတွင်ရှိသည့် ကလေးများကို ထည့်သွင်းထားကြောင်း ပြန်လည်ဖြေကြားပြီး တစ်စိတ်တစ်ပိုင်း ဖြေရှင်းချက်အဖြစ် ဆရာဆရာမများကို ဒုက္ခသည်များ၏ အခြေအနေများအကြောင်း လေ့ကျင့်ပေးရန် အကြံပြုခဲ့ပါသည်။
ဒုတိယမျိုးဆက်
ကင်မ်ယောင်အာက အသက်နှစ်ဆယ်ကျော်အစောပိုင်း လူငယ်များသည် တွေ့ဆုံမေးမြန်းနေစဥ်အတွင်း ငိုကြွေးခဲ့ကြကြောင်း ပြောပါသည်။ ကိုရီးယားသည် ဒုက္ခသည်များ လက်ခံသည့် ကာလမှာ တိုတောင်းသော်လည်း ယခုအချိန်တွင် လူငယ်ဒုက္ခသည်တစ်ဦးသည် စစ်မှုထမ်းခြင်းကို ပြီးဆုံးခဲ့ပြီဖြစ်ကာ ဒုတိယမျိုးဆက်သည် အလုပ်လုပ်နိုင်သည့် အရွယ်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။ လက်ရှိ ရွှေ့ပြောင်းနေထိုင်သူဆိုင်ရာ မူဝါဒများတွင် ဒုက္ခသည်များကို အပြည့်အဝ ထည့်သွင်းထားခြင်း ရှိမရှိကို သူ(မ)က မေးခွန်းထုတ်ခဲ့ပြီး ဒုက္ခသည်များ၏ ကလေးများသည် “ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာအရ ကိုရီးယားလူမျိုး” ဖြစ်သော်လည်း အခြေချနေထိုင်ရေး စနစ်ထဲတွင် ပါဝင်မှု မရှိကြောင်း အလေးအနက် ပြောကြားခဲ့ပါသည်။ ထို့နောက် သူ(မ)သည် အရေးကြီးသော ဦးစားပေး ကိစ္စများအတွက် မေးခွန်းထုတ်ခဲ့ပြီး ဖြတ်သန်းရမည့် နေထိုင်မှုဘဝ အဆင့်ဆင့်တွင် အထောက်အပံ့များကို ခွဲဝေမည့် အစီအစဥ်ကိုလည်း သူ(မ)က မေးခွန်းထုတ်ခဲ့သည်။
နိုင်ငံခြား အရည်အချင်းအထောက်အထားများနှင့် ဘာသာစကား
ဂျန်ဂျူယောင်က မကြာသေးမီက ဒုက္ခသည်ဥပဒေ (Refugee Act) ၏ အကောင်အထည်ဖော်ရေး အမိန့်ကို ပြင်ဆင်ချက်တွင် ပညာအရည်အချင်း အသိအမှတ်ပြုခြင်းကို ထည့်သွင်းခဲ့ကြောင်း၊ တရားရေးဝန်ကြီးဌာနက ထိုသို့ အသိအမှတိပြုရန် လိုအပ်ကြောင်းကို သိရှိပြီးဖြစ်ပြီး မကြာခင် ဖြေရှင်းချက်ရန် မျှော်လင့်ကြောင်း အစီရင်ခံ တင်ပြပါသည်။ ကင်မ်ယောင်အာက ဘာသာစကား မပြောနိုင်သူသည် ကိုယ်တိုင်မရပ်တည်နိုင်ခြင်း ပြောပါသည်။ တော်တော်များများသည် မိမိနိုင်ငံတွင် ပညာအရည်အချင်းမြင့်မားသော ပညာတတ်များ ဖြစ်ခဲ့ကြသော်လည်း ကိုရီးယားတွင် မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်ဖြစ်နေကြပြီး ၎င်းတို့၏ အရည်အချင်းများကို အသိအမှတ်မပြုသောကြောင့် တက္ကသိုလ် ဘာသာစကားသင်တန်းကျောင်းများသို့ပင် ဝင်ခွင့်မရခဲ့ကြပါ။ MAP - အာရှငြိမ်းချမ်းရေးဆီသို့ ဦးတည်သော ရွှေ့ပြောင်းနေထိုင်ရေး (Migration to Asia Peace) သည် ဂယောင်ဂီပြည်နယ်ရှိ တက္ကသိုလ်များနှင့် ဘာသာစကားသင်တန်းကျောင်းများကို သွားရောက်စုံစမ်းလျက်ရှိပြီး ၎င်းတို့အနက် အများစုက စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ကြပြီး သင်တန်းကြေးများ မြင့်မားမှု မရှိပါ။ထိုစီမံကိန်းမျိုးသည် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ညှိနှိုင်းရန် မလိုအပ်ပါ။ ဒုက္ခသည်များ၏ ကိုယ်တိုင်ရပ်တည်နိုင်ရေးကို ပံ့ပိုးရန်အတွက် ပြည်နယ်ရှိ တက္ကသိုလ်များ၊ သင်တန်းကျောင်းများနှင့်တူတူ ပူးပေါင်းဆောင်ရွက်ရန် သူ(မ)က အဆိုပြုခဲ့ပါသည်။
ပြည်နယ်အနေဖြင့် ဆောင်ရွက်နိုင်သည့် အခွင့်အလမ်း
လေ့လာမှုနှင့် ဆွေးနွေးမှုများသည် စာရွက်ပေါ်တွင်ရှိသော အခွင့်အရေးများနှင့် လက်ရှိ ရရှိနေသော အခွင့်အရေးများအကြားတွင် ကွာဟချက်များရှိနေကြောင်း ညွှန်ပြနေပါသည်။ တင်ပြခဲ့သော တက္ကသိုလ်များနှင့် ပူးပေါင်း၍ ဖွင့်လှစ်သည့် ဘာသာစကားသင်တန်းများ၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှုများကို ကိုင်တွယ် ဖြေရှင်းသည့် ဌာနများနှင့် ဆရာဖြစ် သင်တန်းများ စသည်တို့ကို ပြုပြင်ပြောင်းလဲရန်အတွက် ဗဟိုအစိုးရ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရန် မလိုအပ်ပါ။ ဤစစ်တမ်းကို ပြည်နယ်အတွင်းရှိ ဒုက္ခသည်များ၏ အခြေအနေကို ပုံမှန်စောင့်ကြည့်ရာတွင် အခြေခံအချက်အလက်များအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း မျှော်မှန်းထားပါသည်။







