1345 နိုင်ငံခြားသားအထွေထွေလမ်းညွှန်မှုစင်တာ (Immigration Contact Center) သည် တရားရေးဝန်ကြီးဌာန (Ministry of Justice) က လည်ပတ်သော ဘာသာစကား အမျိုးမျိုးဖြင့် လူထုဝန်ဆောင်မှုပေးသော လမ်းညွှန်ဌာန ဖြစ်သည်။ ကိုရီးယားတွင် နေထိုင်သော နိုင်ငံခြားသားများသည် ကိုရီးယားနိုင်ငံတွင် ဝင်ထွက်ခွင့်နှင့် နေထိုင်ခွင့်ဆိုင်ရာ မေးမြန်းလိုသည့်အချက်များ သို့မဟုတ် နေ့စဉ်ဘဝဆိုင်ရာ သတင်းအချက်အလက်များကို မိမိနိုင်ငံ၏ ဘာသာစကားဖြင့် အကြံဉာဏ်ရယူနိုင်သော ဖုန်းဝန်ဆောင်မှု ဖြစ်ပါသည်။ တရားရေးဝန်ကြီးဌာနသည် ဤစင်တာကို အချက်အချာထား၍ နိုင်ငံခြားသားအလုပ်သမားများ လူ့အခွင့်အရေးချိုးဖောက်ခံရသည့်အခါ အဖွဲ့အစည်းအများအပြား၏ အကူအညီကို ဖုန်းတစ်ကြိမ်ခေါ်ဆိုရုံဖြင့် ချိတ်ဆက်ရယူနိုင်သော ‘တစ်နေရာတည်းတွင် ပြီးစီးသော အကူအညီပေးစနစ် (one-stop support system)’ ကို ပြင်ဆင်ထားပါသည်။
လုပ်ငန်းစဉ်ကို တစ်ချက်တည်းဖြင့် ကြည့်ရှုခြင်း
- ၁. 1345 သို့ ဖုန်းခေါ်ခြင်း
ဒေသကုဒ်နံပါတ်ကို ရိုက်စရာ မလိုဘဲ 1345 သို့ ဖုန်းခေါ်ပါ။
- ၂. ဘာသာစကား ရွေးချယ်ခြင်း
ARS အသံလမ်းညွှန်ချက်အတိုင်း မိမိလိုချင်သော ဘာသာစကား၏ နံပါတ်ကို နှိပ်ပါ။
- ၃. အကြံပေးသူနှင့် ချိတ်ဆက်ခြင်း
*(စတား) ခလုတ်ကို နှိပ်လျှင် သက်ဆိုင်ရာ ဘာသာစကား အကြံပေးသူနှင့် ချိတ်ဆက်ပေးမည်ဖြစ်ပါသည်။
- ၄. လူ့အခွင့်အရေးချိုးဖောက်ခံရသောကြောင့် ထိခိုက်နစ်နာမှုကို စစ်ဆေးအတည်ပြုခြင်း
ဆွေးနွေးပေးသူက ထိခိုက်နစ်နာခဲ့ရသော အချက်အလက်နှင့် အမျိုးအစားကို စစ်ဆေးအတည်ပြုမည် ဖြစ်ပါသည်။
- ၅. တာဝန်ရှိ အဖွဲ့အစည်းသို့ ချိတ်ဆက်ပေးခြင်း
ထိခိုက်နစ်နာမှု အမျိုးအစား (ရာဇဝတ်မှု၊ လုပ်ငန်းခွင်ထိခိုက်မှု၊ လစာကြွေးကျန် စသည်) အလိုက် သက်ဆိုင်ရာ အဖွဲ့အစည်းသို့ ချိတ်ဆက်ပေးပါသည်။
- ၆. အကူအညီ ဝန်ဆောင်မှု ပေးခြင်း
ချိတ်ဆက်ပေးသော အဖွဲ့အစည်းထံမှ ဥပဒေရေးရာ အကြံဉာဏ်ပေးခြင်း၊ တရားစွဲဆိုမှု အကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ကုသမှု၊ အာမခံ ခံစားခွင့် လျှောက်ထားခြင်း စသည့် လိုအပ်သော အကူအညီများကို ရရှိနိုင်မည်ဖြစ်ပါသည်။
ဖုန်းဖြင့် အကြံဉာဏ်ပေးခြင်း ဝန်ဆောင်မှုကို အသုံးပြုနည်း
ဖုန်းနံပါတ်: ဒေသကုဒ် နံပါတ် ရိုက်စရာ မလိုဘဲ 1345 (ဖုန်းခေါ်ဆိုခ ကျသင့်ပါသည်။ နိုင်ငံခြားမှ ခေါ်ဆိုလိုပါက +82-2-1345)
- 1345 သို့ ဖုန်းခေါ်ပါ။
- ARS အသံလမ်းညွှန်ချက် ထွက်လာလျှင် မိမိလိုချင်သော ဘာသာစကားနှင့် သက်ဆိုင်သည့် နံပါတ်ကို နှိပ်ပါ။
- ဆက်လက်၍ *(စတား) ခလုတ်ကို နှိပ်လျှင် သက်ဆိုင်ရာ ဘာသာစကား အကြံပေးသူနှင့် ချိတ်ဆက်ပေးမည် ဖြစ်ပါသည်။

- 대표전화 (ကိုယ်စားလှယ် ဖုန်းနံပါတ်): ကြိုးဖုန်းဖြစ်စေ၊ လက်ကိုင်ဖုန်းဖြစ်စေ နိုင်ငံအနှံ့ မည်သည့်နေရာမှမဆို ဒေသကုဒ်မပါဘဲ 1345 သို့ ချိတ်ဆက်နိုင်ပါသည်။ နိုင်ငံခြားမှ ခေါ်ဆိုလိုပါက +82-2-1345 ဖြင့် ခေါ်ဆိုပါ။
- 다국어 상담 (ဘာသာစကားအမျိုးမျိုးဖြင့် အကြံဉာဏ်ပေးခြင်း): 1345 သို့ ချိတ်ဆက်ပြီးနောက် ARS လမ်းညွှန်ချက်အတိုင်း မိမိလိုချင်သော ဘာသာစကား၏ နံပါတ်ကို နှိပ်ပြီး *(စတား) ခလုတ်ကို နှိပ်လျှင် သက်ဆိုင်ရာ ဘာသာစကားဖြင့် ဆွေးနွေးပေးမည်ဖြစ်ပါသည်။
ဖွင့်လှစ်ချိန်
| အချိန် | ပံ့ပိုးပေးသော ဘာသာစကား |
|---|---|
| ကြားရက်(တနင်္လာမှသောကြာ) မနက် ၉နာရီမှ ညနေ ၆နာရီ | အောက်ပါ ဘာသာစကား အမျိုး ၂၀ ဖြင့် |
| ကြားရက်(တနင်္လာမှသောကြာ) ညနေ ၆နာရီမှ ည ၁၀နာရီ | ကိုရီးယား၊ အင်္ဂလိပ်၊ တရုတ် |
ဖွင့်လှစ်ချိန်နှင့် ဘာသာစကား ဝန်ဆောင်မှုများသည် ၂၀၂၆ ခုနှစ် နိုဝင်ဘာလ အခြေအနေ ဖြစ်ပါသည်။ ပြောင်းလဲနိုင်သောကြောင့် 1345 သို့ ဖုန်းခေါ်ခြင်း သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားရေးရာမူဝါဒဌာနချုပ် တရားဝင် လမ်းညွှန်စာမျက်နှာ တွင် နောက်ဆုံးရ သတင်းအချက်အလက်ကို စစ်ဆေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အကြံဉာဏ်ရယူနိုင်သော ဘာသာစကားများ (အမျိုး ၂၀)
ကိုရီးယား၊ အင်္ဂလိပ်၊ တရုတ်၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ မွန်ဂို၊ အင်ဒိုနီးရှား၊ ရုရှား၊ ပြင်သစ်၊ ဘင်္ဂလားဒေ့ရှ် (ဘင်္ဂါလီ)၊ ပါကစ္စတန် (အူရဒူ)၊ မြန်မာ၊ နီပေါ၊ ကမ္ဘောဒီးယား (ခမာ)၊ ဖိလစ်ပိုင် (တာဂါလော့ဂ်)၊ ဂျာမန်၊ စပိန်၊ သီရိလင်္ကာ (ဆင်ဟာလ)၊ အာရဗီ
လူ့အခွင့်အရေးချိုးဖောက်ခံရမှု အမျိုးအစားအလိုက် အကူအညီပေးသည့် လုပ်ငန်းစဉ်
လစာကြွေးကျန်၊ ရိုက်နှက်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ ပတ်စ်ပို့ သိမ်းဆည်းခံရခြင်းနှင့် အတင်းအဓမ္မ လုပ်ခိုင်းခံရခြင်းကဲ့သို့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ၂၀၂၆ ခုနှစ် မေလ ၂၇ ရက်နေ့မှစ၍ 1345 သို့ ဖုန်းဆက်ပြီး ၁ ကို နှိပ်ပါက ဘာသာစကားမျိုးစုံဖြင့် ဆွေးနွေးမှုပေးသည့် သီးသန့်ဝန်ထမ်းထံ တိုက်ရိုက် ချိတ်ဆက်ပေးပါသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရကြောင်း အတည်ပြုပြီးပါက ထိခိုက်နစ်နာမှု အမျိုးအစားအလိုက် အောက်ပါအတိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းသို့ ချိတ်ဆက်ပေးပါသည်။
| ထိခိုက်နစ်နာမှု အမျိုးအစား | ချိတ်ဆက်ပေးသည့် အဖွဲ့အစည်းနှင့် အကူအညီ |
|---|---|
| ရာဇဝတ်မှုကြောင့် ထိခိုက်နစ်နာမှု (ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု စသည်) | တစ်နေရာတည်းတွင် ဖြေရှင်းပေးသည့်စင်တာ (One-Stop Solution Center) သို့ ချိတ်ဆက်ပေးပြီး ဥပဒေရေးရာ အကြံဉာဏ်ပေးခြင်း (Counseling)၊ တရားစွဲဆိုမှု အကူအညီ၊ စိတ်ပိုင်းဆိုင်ရာ ကုသမှု စသည့် ပြည့်စုံသော အကူအညီများ ပေးမည်ဖြစ်ပါသည်။ |
| လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု | အလုပ်သမားဖူလုံရေး ကော်ပိုရေးရှင်း (Korea Workers’ Compensation and Welfare Service) တွင် အာမခံအကျိုးခံစားခွင့် လျှောက်ထားရန် လမ်းညွှန်ပေးမည် ဖြစ်ပါသည် |
| လစာကြွေးကျန်၊ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခြင်း | ဒေသဆိုင်ရာ အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန ရုံးတွင် တိုင်ကြားချက် (진정) တင်သွင်းရန် လမ်းညွှန်ပေးမည်ဖြစ်ပါသည် |
| အလုပ်သမားနှင့် အလုပ်ရှင်တို့၏ ဆက်ဆံရေးနှင့် နိုင်ငံခြားသား အလုပ်သမားဥပဒေဆိုင်ရာ အကြံဉာဏ်ပေးခြင်း | အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန (Ministry of Employment and Labor) ၏ နိုင်ငံခြားသား လုပ်သားအင်အားဆိုင်ရာ ဆွေးနွေးရေးစင်တာ (Foreign Workers Consultation Center) သို့ ချိတ်ဆက်ပေးပါမည် ဖြစ်ပါသည်။ |
အမှန်တကယ် ကူညီပေးခဲ့သည့် ဖြစ်ရပ်များ
- လုပ်ငန်းခွင်တွင် ရိုက်နှက်ခံရမှု ကြုံတွေ့ခဲ့သည့် တရုတ်နိုင်ငံသား ကိုရီးယားနွယ်ဖွား အလုပ်သမား → ကိုရီးယားဥပဒေရေးရာ အထောက်အကူပြုအဖွဲ့အစည်း(Korea Legal Aid Corporation) ၏ ဥပဒေရေးရာ အကြံဉာဏ်ပေးခြင်း၊ တရားစွဲဆိုမှု အကူအညီနှင့် ကုသစရိတ် အကူအညီဆိုင်ရာ လမ်းညွှန်မှု
- ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကြောင့် ထိခိုက်နစ်နာခဲ့သည့် အမျိုးသမီး → ထိခိုက်နစ်နာသူအတွက် နိုင်ငံတော်က ခန့်အပ်သော ရှေ့နေ၏ ဥပဒေရေးရာ အကြံဉာဏ်ပေးခြင်းနှင့် ကုသမှု အကူအညီဆိုင်ရာ လမ်းညွှန်မှု
ချိတ်ဆက်ပေးသည့် အဖွဲ့အစည်းများများ
တစ်နေရာတည်းတွင် ဖြေရှင်းပေးသည့်စင်တာ (One-Stop Solution Center)
ရာဇဝတ်မှုကြောင့် ထိခိုက်နစ်နာသူများအား ဥပဒေ၊ စီးပွားရေး၊ စိတ်ပိုင်းဆိုင်ရာ၊ အလုပ်အကိုင်၊ လူမှုဖူလုံရေး၊ ငွေကြေး စသည့် အမျိုးမျိုးသော အကူအညီများကို တစ်နေရာတည်းတွင် ပြည့်စုံစွာ ပေးသည့် တရားရေးဝန်ကြီးဌာန (Ministry of Justice) လက်အောက်ရှိ အဖွဲ့အစည်း ဖြစ်ပါသည်။ အစိုးရရှေ့နေရုံး၊ ရဲ၊ အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန၏ ထောက်ပံ့ရေးစင်တာ၊ ကိုရီးယားဥပဒေရေးရာ အထောက်အကူပြုအဖွဲ့အစည်း၊ ရာဇဝတ်မှုကြောင့် ထိခိုက်နစ်နာသူများ အကူအညီပေးသည့် စင်တာ၊ စမိုင်း(အပြုံး)စင်တာ (Smile Center)၊ ထိခိုက်နစ်နာသူအတွက် နိုင်ငံတော်က ခန့်အပ်ထားသော ရှေ့နေ စသည့် အဖွဲ့အစည်း ၁၄ ခု ပူးပေါင်းပါဝင်ပါသည်။ (ဆိုးလ် (서울) ဒုံးဂျက်(동작)ခရိုင်၊ ဒယ်ဘန်ဘူတာအနီး ‘ဆိုးလ်အမျိုးသမီးပလာဇာ (Seoul Women’s Plaza)’ ၃ ထပ်၊ ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဖွင့်လှစ်ခဲ့သည်)
နိုင်ငံခြားသား လုပ်သားအင်အားဆိုင်ရာ ဆွေးနွေးရေးစင်တာ (Foreign Workers Consultation Center)
အလုပ်ခန့်ရန် ခွင့်ပြုသည့်စနစ် (EPS စနစ်) (Employment Permit System) ဖြင့် ကိုရီးယားသို့ ဝင်ရောက်လာသော နိုင်ငံခြားသား အလုပ်သမားများနှင့် ၎င်းတို့ကို ခန့်အပ်ထားသော လုပ်ငန်းရှင်များအတွက် အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးရေးဝန်ဆောင်မှု (Human Resources Development Service of Korea) တို့က လည်ပတ်သော ဆွေးနွေးပေးသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ဘာသာစကား ဆက်သွယ်ပြောဆိုမှု၊ နေထိုင်ခွင့်နှင့် မိမိနိုင်ငံသို့ ပြန်လည်ထွက်ခွာခြင်း စသည့် ကိစ္စရပ်အားလုံးနှင့် ပတ်သက်၍ အကူအညီ ရယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များကို ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးရေးဝန်ဆောင်မှု လမ်းညွှန်စာမျက်နှာ တွင် လေ့လာ ကြည့်ရှုနိုင်ပါသည်။
အလုပ်ရှင်များနှင့် သက်ဆိုင်သော ကြိုတင်ကာကွယ်ရေး အစီအစဥ်များ
တရားရေးဝန်ကြီးဌာန (Ministry of Justice) သည် နိုင်ငံခြားသားအလုပ်သမားများကို ခန့်ထားသည့် အလုပ်ရှင်များကိုလည်း လူ့အခွင့်အရေးကာကွယ်ရန် တာဝန်များကို အောက်ပါနည်းလမ်းများဖြင့် အသိပေးထာပါသည်။
- စာတို(မက်ဆေ့)ပေးပို့ခြင်း- လူ့အခွင့်အရေးကာကွယ်ရေးလုပ်ထုံးလုပ်နည်းများကို စာတို(မက်ဆေ့)ဖြင့် အသိပေးပါသည်။
- ဗီဇာစိစစ်မှုနှင့် ချိတ်ဆက်ခြင်း- ဗီဇာထုတ်ပေးမှုအတည်ပြုလက်မှတ် (Certificate of Confirmation of Visa Issuance) (ဗီဇာလျှောက်ထားမှုအတည်ပြုစာ) ကို လျှောက်ထားသည့်အခါ လုပ်ငန်းခွင်နှင့် နေထိုင်ရာအဆောင်တွင် ဘာသာစကားအမျိုးမျိုးဖြင့်ရေးသားထားသော ‘နိုင်ငံခြားသားအလုပ်သမား အခွင့်အရေးကာကွယ်ရေး အသိပေးချက်’ ကို ကပ်ထားခြင်းရှိ၊ မရှိ စစ်ဆေးပြီး ဗီဇာစိစစ်မှုတွင် ထည့်သွင်းစဉ်းစားပါသည်။
လူ့အခွင့်အရေးကာကွယ်ရေး သတင်းအချက်အလက်များကို အသိပေးသည့် နည်းလမ်း
တရားရေးဝန်ကြီးဌာနသည် နိုင်ငံခြားသားအလုပ်သမားများ ဗီဇာလျှောက်ထားခြင်းမှစ၍ ဝင်ရောက်မှုစိစစ်ခြင်း၊ နိုင်ငံခြားသားမှတ်ပုံတင်ခြင်း၊ နေထိုင်ခွင့်ကာလ သက်တမ်းတိုးခြင်း စသည့် လုပ်ထုံးလုပ်နည်းအမျိုးမျိုးကို ဖြတ်သန်းရာတွင် ‘လူ့အခွင့်အရေးကာကွယ်ရေးနှင့် ထိခိုက်နစ်နာမှုအတွက် ပြန်လည်ကုစားမှုရယူနည်း’ ကို ဘာသာစကား အများဆုံး အမျိုး ၂၀ ဖြင့် အသိပေးမည်ဖြစ်ကြောင်း ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂ ရက် တွင် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းသည် ကိုရီးယားနိုင်ငံတွင် နေထိုင်သည့် ပထမခြေလှမ်းမှ စ၍ မိမိ၏အခွင့်အရေးများကို သိရှိနိုင်စေရန် ကူညီရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။
ကိုးကားရန် လင့်ခ်များ
- 1345 နိုင်ငံခြားသားအထွေထွေလမ်းညွှန်မှုစင်တာ (Immigration Contact Center) တရားဝင်လမ်းညွှန်ချက် (လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံခြားသားရေးရာမူဝါဒဌာနချုပ် (Korea Immigration Service, KIS))
- ကိုရီးယားလူ့စွမ်းအားဖွံ့ဖြိုးရေးဝန်ဆောင်မှု (Human Resources Development Service of Korea) နိုင်ငံခြားသားလုပ်သားအင်အား ဆွေးနွေးရေးစင်တာ လမ်းညွှန်ချက်
- အလုပ်ခန့်ထားရေးနှင့် အလုပ်သမားဝန်ကြီးဌာန (Ministry of Employment and Labor) နိုင်ငံခြားသားအလုပ်သမားများ ထောက်ပံ့ရေးစင်တာ (Foreign Workers Support Center)